မင်္ဂလာပါ။ Attraction Site In World မှကြိုဆိုပါတယ်။ မြန်မာနိုင်ငံနှင့်ကမ္ဘာတလွှားက ထင်ရှားကျော်ကြားတဲ့နေရာတွေကို တင်ပြပေးသွားမှာဖြစ်လို့ လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။ လူကြီးမင်းတို့ အနေနဲ့ နေရာဒေသ၊ လူမျိုး၊ ဘာသာယျဉ်ကျေးမှုတွေကို တင်ပြလိုပါက newrhyme09@gmail.com သို့ ပို့ပေးနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ Ko Moe (Founder at Attraction Sites In World)

Monday, February 8, 2016

" UNESCO ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများနှင့် ပတ်သက်၍ သိသင့်သည်များ အပိုင်း(၁) "

" UNESCO ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများနှင့် ပတ်သက်၍ သိသင့်သည်များ အပိုင်း(၁) "


အချိန်ပေး၍ ဖတ်ရှုလေ့လာပါ။ ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
ယခုအခါ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပျူမြို့ဟောင်းများ ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများ ရှိသည်နှင့်အညီ ကမ္ဘာ့စာရင်းဝင်ခဲ့ပေပြီ။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၂၅ ရက်အတွင်း ကာတာ နိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ (38th Session of the World Heritage Committee)တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင်များက ပျူမြို့ဟောင်းများ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ)ကို အစည်းအဝေး ဆုံးဖြတ်ချက်အမှတ်စဉ် (38 COM 8B.28) ဖြင့် အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်ပါသည်။
“ ကမ္ဘာ့အမွေအနှစ် ”ဟူသော စာတန်းတိုလေးတစ်ခု ဖြစ်ပါသော်လည်း ဂုဏ်ရည်နှင့်တန်ဖိုးက နက်နဲသိမ်မွေ့လှသည်။ အမွေအနှစ်၏ ဂုဏ်ရည်နှင့် တန်ဖိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ ရှေ့ဆက်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားတို့မှာ တစ်လနှင့်မရ၊ တစ်နှစ်နှင့်လည်းမပြီး၊ တစ်ဖွဲ့ တည်းဖြင့် ဆောင်ရွက်၍မရ၊ တစ်ဌာနတည်းနှင့်လည်း မဖြစ်နိုင် ပါ။ နောင်မျိုးဆက်သစ်တို့ထိ တိုင် စဉ်ဆက်မပြတ် အသိ၊ အတတ် ပညာရှင်တွေ၊ စေတနာရှင်တွေနှင့်အတူ ပြည်သူတစ်ရပ်လုံး က ပါဝင်ပြီး ဝိုင်းဝန်းစောင့်ရှောက်မှသာ “Heritage of Humanity” ဆိုသည်နှင့်အညီ လူသားများ အတွက် အမွေအနှစ်ကောင်းများအဖြစ် ထားရစ်နိုင်မည်ဖြစ်
သည်။
ယခုလည်း ဝမ်းမြောက်စရာ၊ အားတက်စရာပင် အဆိုပါမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး စတင်အကောင်အထည်ဖော်ကာစ တစ်ပြိုင်နက်တည်းမှာ နယ်ဒေသ အသီးသီးတွင် ဒေသခံတို့နှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဒေသခံအများစုက စိတ်ဝင်စားကြသည်။ တန်ဖိုးထားကြသည်။ လိုက်နာကြသည်။ ပူးပေါင်းကြသည်။ သို့ကြောင့် ဆောင်ရွက်နေသူများ အတွက်လည်း တွန်းအားဖြစ်စေ သည်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ ပိုမိုအားပေးမှုကိုလည်း ရရှိသည်။
အခြားနိုင်ငံများတွင် အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် စတင် ဆောင်ရွက်ချိန်မှ စာတွဲတင်သွင်းချိန်အထိ (၃)နှစ်မှ (၁၀)နှစ်ခန့်အထိ အချိန်ယူကြသော်လည်း မိမိတို့အမွေအနှစ်သည် အချိန်တိုအတွင်း (၂)နှစ်မပြည့်သေးမီပင် စာတွဲကို တင်သွင်းနိုင်ခဲ့သည်။ အမှန်တော့ ပထမဦးဆုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်နှင့်အညီ အဖက်ဖက်မှာ အနည်းငယ်စီ အခက်အခဲတွေရှိနေတာတော့ အမှန်ပင်။
မည်သို့ဆိုစေ ပျူမြို့ဟောင်းများတွင် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများရှိမှု၊ ခိုင်မာမှု(Integrity)၊ စစ်မှန်မှု(Authenticity)၊ ဆောင်ရွက်ခဲ့သူတို့၏ စိတ်စေတနာနှင့် အပင်ပန်းခံမှု၊ ဒေသခံတို့၏ ပြင်းပြသောဆန္ဒတို့ကြောင့် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင်နိုင်ငံတို့က လေးစားမှု၊ အသိအမှတ်ပြု မှု၊ ချီးကျူးမှု၊ စာနာမှုများနှင့်အတူ တခဲနက်ထောက်ခံ ကြသောကြောင့်
မြန်မာနိုင်ငံ၏ ”ပထမ ဆုံးသော ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မြို့ဟောင်းများ” ဖြစ်ခဲ့ပေပြီ။
ပို၍ကျေနပ်စရာကောင်းသည်က ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းများဟု တွဲဆက်(Serial Nomination) တင်သွင်းခဲ့ခြင်းကြောင့် တစ်ကြိမ်တည်း ကြိုးစားလိုက်ရာတွင် ဒေသ(၃)ခုလုံး ရရှိခဲ့ခြင်းပင်ဖြစ် သည်။ နောင်တွင် ပျူနှင့်ပတ်သက်၍ အထောက်အထား ခိုင်မာသည့်
မြို့ဟောင်း များကိုလည်း ဆက်လက်ဖြည့်စွက် တင်သွင်း သွားနိုင်မည်ဖြစ် သည်။ ဒေသခံ တို့၏ ပီတိများ တွေ့မြင်နေရသကဲ့သို့ နိုင်ငံသား အားလုံး လိုလိုပင် ဂုဏ်ယူနေကြသည်ကိုလည်း ကြားနေရပါ သည်။ ပြည်ပရောက်
မြန်မာများလည်း ဂုဏ်ယူမဆုံး ဖြစ်နေကြသည်။ အဆိုပါ မြို့ဟောင်းများကို ဘာကြောင့်ရွေးခဲ့တာလဲ၊ ဘယ်အချက်တွေက စံဝင်တာလဲ၊ ဘယ် လိုတွေ ဆောင်ရွက်ခဲ့တာလဲ၊ ဘာတွေရင်ဆိုင်ခဲ့ရလဲ၊ ရရှိမယ့်အကျိုးကျေး ဇူး တွ၊ ရှေ့ဆက်ဘာတွေလုပ်ရ ဦးမလဲ၊ စတာတွေ၊ သိသင့်တာတွေကို အများသိရှိရလေအောင် ဤဆောင်းပါးဖြင့် ဖြန့်ဝေလိုက်ပါသည်။
ရွေးချယ်မှု
ဘာကြောင့် ပျူ(၃)မြို့ကို ဦးစွာရွေးချယ်ခဲ့သည်ဆိုတာရှင်းပြလိုပါ သည်။ မြန်မာ့ သမိုင်းနှင့် ယဉ်ကျေးမှုတွင် သမိုင်းမတင်မီခေတ်ယဉ်ကျေးမှု၊ သမိုင်းတင်ခေတ်အစောပိုင်းယဉ်ကျေးမှု၊ သမိုင်း ခေတ်ယဉ်ကျေးမှု ဟူ၍ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့ သည်။ ပြဒါးလင်းဂူ ကဲ့သို့ သော ကျောက်ခေတ်အမွေအနှစ်(သမိုင်းမတင်မီခေတ်ယဉ်ကျေးမှု)၊ ကြေးခေတ်၊ သံခေတ်အမွေအနှစ် များ(သမိုင်းတင်ခေတ် အစောပိုင်း ယဉ်ကျေးမှု)၊ ပုဂံ၊ မြောက်ဦး၊ သထုံ၊ အင်းဝ၊ ဟံသာဝတီ၊ မန္တလေး .... စသည်ဖြင့် သမိုင်းခေတ်ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိနေပြီး ယခုပျူ မြို့ဟောင်းများသည် -
- သမိုင်းတင်ခေတ်အစောပိုင်းကာလယဉ်ကျေးမှု(Proto-historic culture) ၏ မြို့ပြယဉ်ကျေးမှု (Urbanization)နှင့် မြို့ပြယဉ်ကျေးမှုထွန်းကားခဲ့ခြင်း၏ ခိုင်မာသော အထောက်အထားတစ်ရပ် ဖြစ်ခြင်း၊
- အရှေ့တောင်အာရှဒေသအတွင်းရှိ အစောဆုံးသော ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုနှင့်အတူ ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံ၍ တည်ဆောက် ထားသော မြို့ပြယဉ်ကျေးမှု တစ်ရပ်ဖြစ်ခြင်း၊
- မြေပေါ်၊ မြေအောက် အထောက်အထားများ ကြွင်းကျန်တည်ရှိနေသကဲ့သို့ ရာစုနှစ်တစ်ခုမက ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြုလေ့လာ
ခဲ့မှုတို့ကြောင့် တိကျခိုင်မာသော သက်သေအထောက်အထားများ ရှိနေခြင်း၊
- တွေ့ရှိရသော ယဉ်ကျေးမှုအမွေအနှစ်အထောက်အထား တို့ကို ခေတ်မီ နည်းစနစ်ဖြင့် သိပ္ပံနည်းကျ သက်တမ်း(Carbon Dating) တွက်ချက်ရာတွင် လည်း တိကျခိုင်မာသော ကာလ၊ ခုနှစ်၊ သက္ကရာဇ်တို့ကိုလည်း ဖော်ထုတ် တင်ပြနိုင်ခြင်း စသည်တို့ကြောင့် ဦးစား ပေးရွေးချယ် တင်သွင်း ခဲ့ခြင်းဖြစ် သည်။
ကမ္ဘာ့အဆင့်သတ်မှတ်ခြင်း
ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေးအတွက် အခြေခံအားဖြင့် ကမ္ဘာ့အဆင့်မီ စံတန်ဖိုးများ (Outstanding Universal Value) ရှိခြင်း၊ တိကျသော နယ်နိမိတ်သတ်မှတ်ချက်၊ ထိန်းသိမ်းမှု၊ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှုစသော တန်ဖိုးနှင့်ဆောင်ရွက်ချက်တို့ ပြည့်စုံလုံလောက်မှုရှိရန် လိုအပ် ပါသည်။ သို့ပါ၍ ပျူမြို့ဟောင်း(၃)မြို့ ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေးအတွက် အောက်ဖော်ပြပါ တန်ဖိုးနှင့် ဆောင်ရွက်ချက်များကို လေ့လာဆန်းစစ်ပြီး ဆုံးဖြတ် သတ်မှတ် ခဲ့ပါသည်-
ကမ္ဘာ့အဆင့်မီစံတန်ဖိုး
~ ခိုင်မာမှု (Integrity)
~ စစ်မှန်မှု (Authenticity)
~ စံတန်ဖိုး ၂ (Criteria ii)
~ စံတန်ဖိုး ၃ (Criteria iii)
~ စံတန်ဖိုး ၄ (Criteria iv)

ထိန်းသိမ်းမှု၊ ကာကွယ်မှု၊ စီမံခန့်ခွဲမှု
~ နယ်နိမိတ် (Boundary)
~ ထိန်းသိမ်းမှု (Conservation)
~ ကာကွယ်မှု (Protection)
~ စီမံခန့်ခွဲမှု (Management)
တစ်ချက်စီကို အပိုင်း(၂)တွင် ဆက်လက်ရှင်းလင်းဖော်ပြပေးသွားပါမည်။





0 comments:

Post a Comment